ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပူတာအို စက်တင်ဘာ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါအထက(ပူတာအို)ကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ အစီအစဉ်ပထမပိုင်းတွင် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားရန် အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဗလငါးတန်ပြည့်ဝစေရန်၊ အသိပညာပိုမိုတိုးတက်လာစေရန်၊ အခြားသူများကိုလည်း ဗဟုသုတများ မျှဝေတတ်စေရန်၊ ပရိသတ်ရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်းအသိပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးယဉ်ကျေးမှုများရှိလာပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။

အစီအစဉ်ဒုတိယပိုင်း စကားဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ဦးဆောင် ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အထက(ပူတာအို)ကျောင်း Grade-11 ကျောင်းသား၊ ကျောင်းသူလေးဦးက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး၊  လူငယ်နှင့်အကျင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးစသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ မေးမြန်းဆွေးနွေးမှုများကို ခေါင်းစဉ်အလိုက်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ဦးဆောင်ဆွေးနွေးသူ ခရိုင်ဦးစီးမှူးက လိုအပ်သည်များရှင်းလင်းဆွေးနွေးကာ အထက(ပူတာအို) ကျောင်းအုပ်ဆရာကြီး ဦးဆိုင်းခွမ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်စကားဝိုင်းတွင် ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူလေးဦးအား ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စကားဝိုင်းသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)