ရသေ့တောင် စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှ ခေတ်စနစ် များတိုးတက်လာသည်ဖြစ်သည့် အတွက်ကြောင့် ဆန်းသစ်တီထွင်နိုင်ရန် ကြိုးစားလိုကြောင်း ယခုလို အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်း ဝင်ငွေတိုးတက်မှုမှသည် မိသားစုဝင်ငွေတိုးတက်လာပြီး စားဝတ်နေရေးပြေလည်မှုရရှိခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လည်ခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်းဖြင့် သာယာဝပြောသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင်ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား မြို့နယ်ကျေးလက်ဦးစီးမှူးက ပေးခဲ့သည်။ သင်တန်းသားများ ကိုယ်စားသင်တန်းသူတစ်ဦး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ (ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်းသင်တန်းအား သင်တန်းသား (၂၀) ဦးဖြင့် စက်တင်ဘာလ (၄) ရက်နေ့မှ (၂၄) ရက်နေ့အထိရက် (၂၀) အကြာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)