နမ့်စန်(တ) စက်တင်ဘာ ၂၃
အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဝမ်ပိန်း ကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ကျေးရွာအနီးရှိ လာဘသိဒ္ဓိ(ဘုရားဖြူ)စေတီဓမ္မာရုံတွင် ဝမ်ပိန်း၊ ဟိုင်းနားကြီး၊ ဟိုရမ်း၊ ဘန့်ဟင်နှင့် မိုင်းစိတ်ကျေးရွာအုပ်စုတို့မှ ဒေသခံ တိုင်းရင်းသားပြည်သူများအား နယ်မြေခံ ဆေးတပ်ရင်းရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးနေမှု အခြေအနေများကို ကြည့်ရှူအားပေးခဲ့သည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ကျေးရွာအုပ်စု (၅) ခုရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံဆေးတပ်ရင်းရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ တပ်မတော်သားပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးနေမှုကို လိုက်လံအားပေးကြည့်ရှုကာ ဆေးရုံ တက်ရောက်ရန်လိုအပ်သော ဒေသခံတိုင်းရင်းသားများအား နမ့်စန်မြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဆေးရုံတက်ရောက်ကုသနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးကာ အဟာရပြည့်စားသောက်ဖွယ်ရာများ လိုက်လံပေးဝေပြီး ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်းနှင့် အဆိုပါနယ်လှည့် ဆေးကုသမှုတွင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ရှိသူ (၂၀) ဦး၊ သွားနှင့်ခံတွင်း ရောဂါရှိသူ (၂၀) ဦး၊ အရိုးအကြောရောဂါရှိသူ (၁၂) ဦး၊ ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ခြင်း (၁၀) ဦး၊ ခွဲစိတ် လူနာ (၁၂၀) ဦးနှင့် အထွေထွေရောဂါ (၅၀၀) ဦး၊ စုစုပေါင်း ဒေသခံတိုင်းရင်းသား (၆၈၂) ဦးကို ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)