လားရှိုး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ကန်မိန်းကျောင်းတိုက်တွင် စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့နယ် ကန်မိန်းကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်များနှင့် ဒေသခံပြည်သူတို့အား အထွေထွေရောဂါကု ဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားမီးယပ် ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန်စသည့် အထူးကုဆရာဝန်များဦးဆောင်သော ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရများ ထောက်ပံ့ပေးခြင်းများဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ဟူးမွန်ကျေးရွာ၊ ဟိုပိတ်ကျေးရွာ၊ရပ်ကွက်(၁)၊ ရပ်ကွက်(၉)၊ တောရပရိယတ္တိစာသင်တိုက်၊ နတ်ရေကန်ကျောင်းတိုက်နှင့် စိတ္တသုခဘုန်းတော်ကြီးကျောင်း၊ ခါးရိုးပရိယတ္တိစာသင်တိုက်၊ လွယ်ဝိန်းကျောင်းတိုက်၊ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်၊ မဟာဗောဓါရုံကျောင်းတိုက်၊ ဇမ္ဗူအေးအေတီတပ်ဦးပရိယတ္တိစာသင် ကျောင်းတိုက်၊ သာသနာ့ဟိတကာရီသီလရှင်စာသင်တိုက်၊ အောင်ချမ်းသာကျောင်းတိုက်၊ တာပုံကျောင်းတိုက်တို့တွင်လည်း ဒေသခံများ၏ ကျန်းမာရေးအတွက် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဆေးစစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
စိုင်းထွန်း (လားရှိုး)