ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် မိုးစပါး ၃၇၂၈၈ ဧက စိုက်ပျိုးပြီးစီး

ပူတာအို   စက်တင်ဘာ   ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားချက်ပြည့်မီ အောင် စိုက်ပျိုးနိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ ယခုနှစ် မိုးစပါးစိုက်ဧက(၃၇၀၆၀)ဧကလျာထားခဲ့ပြီး (၃၇၂၈၈)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်းသိရသည်။

မိုးစပါးကို ဇွန်လနှင့်ဇူလိုင်လတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လျာထားချက်ပြည့်မီအောင်စိုက်ပျိုး နိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ က မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊စိုက်နည်းစနစ်မှန်ကန်ရေး၊သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျ သုံးစွဲရေး၊ပိုးမွှားကာကွယ်နှိမ်နှင်းနည်းစနစ်များကိုအသိပညာပေးပို့ချခြင်းနှင့် အထွက်နှုန်း ကောင်းမျိုးသန့် ဆင်းဧကရီ-၃ မျိုးစပါးထောက်ပံ့ပေးအပ်ခြင်းများကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးခြင်းကို ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊မချမ်းဘော၊နောင်မွန်း၊ ခေါင်လန်ဖူး၊ဆွမ်ပရာဘွမ်၊ပန်နန်းဒင်မြို့နယ်များတွင် ရေမြေသဘာဝအလိုက် ရိုးရိုးပျိုးထောင်စိုက် ဧရိယာ(၂၇၃၁၆)ဧက၊တိုက်ရိုက်အစေ့ချစိုက်ဧရိယာ(၂၅၅၆)ဧကနှင့် တောင်ယာစိုက်ဧရိယာ(၇၄၁၆) ဧက စုစုပေါင်းစိုက်ဧရိယာ(၃၇၂၈၈)ဧကအား စိုက်နည်းစနစ်များအလိုက် စိုက်ပျိုးပြီးစီးခဲ့ပြီး ပူတာအို ခရိုင်တွင် အဓိကစိုက်ပျိုးသည့် စပါးမျိုးများမှာ ယခင်က ယာစပါးအနေဖြင့် ခေါမယို၊ဆွမ်ဘန်းမန်၊ တောင်ယာစပါးအနေဖြင့် အမ်စီ၊အင်တန့်မန်နှင့်လယ်စပါးအနေဖြင့် ဧည့်မထစပါးမျိုးဖြစ်သည့် ခေါလုံး၊ခေါမယိုတို့ကို အများအားဖြင့်စိုက်ပျိုးခဲ့ကြရာ ယခုအခါ တစ်ဧကအထွက်နှုန်းတိုးတက်၍ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်ဖြစ်သည့် ဆင်းဧကရီ-၃၊ငွေတိုး နှင့်ဆင်းရွှေဝါ စပါးမျိုးများကို အဓိကထားပြောင်းလဲစိုက်ပျိုးလာကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပူတာအို)