ညောင်ဦး စက်တင်ဘာ ၂၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်လေ့လာသည့် ပြည်ပနိုင်ငံခြားသားဧည့်သည်များအား ဇုန်ဝင်ကြေးအဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ပြည်ပဧည့်သည်တစ်ဦးလျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့်ကောက်ခံခဲ့ပြီး လည်ပတ်ခွင့် (၅) ရက်ခွင့်ပြုပေးခဲ့ကြောင်း၊ ယခုအခါပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းသို့ လာရောက်လည်ပတ်လေ့လာသည့် ပြည်ပနိုင်ငံခြားသားဧည်သည်များအတွက် ဝင်ကြေးကောက်ခံသည့် နှုန်းထားကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ပြည်ပနိုင်ငံသားတစ်ဦးလျှင် ဇုန်ဝင်ကြေး (၃၀၀၀၀) ကျပ်သို့ တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ပြီး နေထိုင်လည်ပတ်ခွင့်သက်တမ်းကိုလည်း (၃) ရက် (၇၂) နာရီပြင်ဆင်သတ် မှတ်၍ (၃) ရက် ထက်ကျော်လွန်ပါက ဇုန်ဝင်ကြေး ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံကသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့်အခါ တစ်ဆက်တစ်စပ်တည်း သွားရောက်နိုင်သည့် ခရီးစဉ်ခုနှစ်ခုကိုလည်း ညောင်ဦးခရိုင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှစီစဉ်ထားရှိသော ကျောက်မျက်မှော်ခရီးစဉ်၊ ညောင်ဦးမြို့ နယ် အရှေ့တောင်ဘက် သက်စိုးတောင်ပေါ်ရှိကျောက်ရေကန်ခရီးစဉ်၊ ဇီးအိုလှကျေးရွာရှိ နှစ် (၉၀၀) ကျော်သက်တမ်းရှိ မန်ကျဉ်းကိုးခွပင် နှင့်ပုဂံခေတ်ထဲကရှိခဲ့သည့်သစ်တောဦးစီး ဌာနမှထိန်းသိမ်းထားသော (၂၁) ဧကရှိ အင်ကြင်းတော၊ ခေတ်အဆက်ဆက် သျှောင်ပေ စူးဆံကေသာများ ယနေ့အထိထိန်းသိမ်းထားရှိသော ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရှိ စက်စက်ယိုယိုကျေးရွာ၊ ညောင်ဦးမြို့နယ်၏ အရှေ့ဘက် ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်း (၁၆) မိုင်ခန့်အကွာရှိ သဲပြင်တောကျေးရွာ ရုပ်စုံကျောင်း၊ ကျောက်ပန်း တောင်းမြို့နယ် လဲဂွ၊လက်ပံအိုင့်ကျေးရွာရှိ ဂဲမိုးအိုင်ခရီးစဉ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်(၁၁)မိုင်ခန့်ရှိ ပုပ္ပား တောင်တက်ခရီးစဉ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျောက်မျက်မှော်ခရီးစဉ်တို့ကိုလည်း ခရီးစဉ်အသစ်များဖော်ဆောင်ထားရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ရှိသူများက ရှင်းပြ၍သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် စွယ်တော်မြတ်လေးဆူ ဖူးမြှော်လေ့လာနိုင်ပြီး ပုဂံမင်းအဆက်ဆက်တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းအထင်ကရဘုရားများ၊ သမိုင်းအထင်ကရဘုရားများ တည်ဆောက်ခဲ့သည့် ဗိသုကာလက်ရာများ၊ ဂူဘုရားများအတွင်း မျက်နှာကျက် အမိုးများ၊ နံရံပတ်လည်တို့တွင်ရေးဆွဲခဲ့သည့် ခေတ်အဆက်ဆက်ရေးဆွဲထားခဲ့ကြသည့် နံရံဆေးရေးပန်းချီများ၊ ဗုဒ္ဓဝင်ဇာတ်တော်များ၊ စင်္ကြာဝဠာပုံများ၊ မင်စာများ၊ ပန်းတဉ်၊ ပန်းခက်များ၊ ရှေးဟောင်းကျောက်စာများ၊ သံချက်ဖိုများကိုလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲတွင် လေ့လာနိုင်ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် တစ်နေရာတည်းနှင့် ဘုရားအစုအဝေးအများကြီးရှိသည့် ဆူးလေကုန်းဘုရားစု၊ ဝတ္တနထော(ခေါ်)နပဲတောဘုရားစု၊ ခေမင်္ဂဘုရားစု၊ ရင်မနားဘုရားစု၊ လောကဥသျှောင် ဘုရားစုတို့ရှိ ဘုရားများ၊ ဂူဘုရားများကိုလေ့လာနိုင်ပြီး၊ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် (၉) မျိုး ရှိရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင်သာရှိသည့် ကမ္ဘာ့ရှားပါး ငှက် (၇) မျိုးဖြစ်သည့် နဖားကြူးခေါ်အမြီးဝိုင်းငှက်၊ ငှက်မင်းသားဝမ်းဖြူငှက်၊ မြန်မာ့ဘီလုံးငှက်၊ စွေ့ငှက်၊ ဂျိုးလင်းပြာ၊ ဗွတ်စာမွဲငှက်နှင့် ငှက်လက်မမြီးရှည်ညိုငှက်တို့ကိုလည်း ကမ္ဘာ့ငှက်ဝါသနာ ရှင်များလေ့လာနိုင် ကြောင်း၊ ကမ္ဘာ့လှည့်ခရီးသွားများ ပုဂံဒေသရောက်ရှိခဲ့ပါကလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် (၅) မိုင်ခန့်သာကွာဝေးသည့် ပလင်းကမ်းသာယာ ဆင်စခန်းရှိ ဆင်များကိုလည်း တဆက်တစပ်တည်း သွားရောက်လေ့လာနိုင်ကြောင်း၊ ဆင်စခန်းဝင်းအတွင်း ဆင်ပြတိုက်ကိုလည်း ကြည့်ရှု့လေ့လာနိုင်ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်းအတွင်း ဖွင့်လှစ်ပြသထားသည့် ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှိ ပုဂံခေတ်ကျောက်စာများ၊ မတ်ရပ်ဆင်းတုတော်များ၊ ထိုင်တော်မူဆင်းတုတော်များ၊ အုတ်ခွက်ဘုရားများ၊ ပုဂံခေတ်မင်းများကိုင်ဆောင်ခဲ့သည့် သံလျှက်နှင့်လက်နက်မျိုးစုံနှင့် ပုဂံခေတ် အသုံးအဆောင်များကို လေ့လာနိုင်ကြောင်းသိရပြီး ပုဂံဒေသ၏ နေထွက်၊ နေဝင်ဆည်းဆာကြည့်ရှုနိုင်ရန် တောင်ကုန်းများဖန်တီးပေးထားပြီး အဆိုပါတောင်ကုန်းများပေါ်မှ ပုဂံဒေသ၏နေဝင်ဆည်းဆာအလှအပများကိုခံစားကြည့်ရှုနိုင်ရန် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရောက်ဖူး စေချင်ပါသည်။
ဒီပါလင်း