နမ္မတူ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းခြင်းနှင့်ပတ်သက်၍ ကျွန်တော်တို့ ဒီနေ့မှာဖြင့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိ ၂ ဦး၊ အခြားအဆင့် ၁၄ ဦး၊ ရဲမေ ၁ ဦး၊ စုစုပေါင်း ၁၇ ဦးတို့မှ သွေးလှူဒါန်းခြင်း ဖြစ်ပါတယ်၊ ဒါကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် ၄ ရပ်ထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ပြည်သူ့အကျိုးပြု သွေးလှူဒါန်းဆောင်ရွက်ခြင်း ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန်းဆွေဦးက ပြောပါသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းရာသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လှုပ်ရှားအမှတ် (၁) စစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသန်းဆွေဦးတို့က ကြည့်ရှုအားပေးကာ လိုအပ်သည်များ အား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်လွင်က သွေးလိုအပ်လျက်ရှိသော လူနာများအတွက် စေတနာ ၊ သဒ္ဒါတရားထက်သန်စွာဖြင့် စုပေါင်းသွေးလှူဒါန်းပေးခဲ့သော နမ္မတူမြို့နယ်ရဲတပ်ဖွဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသန်းဆွေဦးက လက်ခံရယူခဲ့ပြီး စုပေါင်းသွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင် ၁၇ အား နမ္မတူမြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အချိုရည်၊ ကြက်ဥ၊ မုန့်နှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)