မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်း၌ လိုအပ်ချက်များရှိနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၌  လိုအပ်ချက်များရှိနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလတွင် လုပ်ငန်းပြီးစီးရေး ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူပြီး မန္တေလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၄၈.၃၀၀) ကျပ်သန်းဖြင့် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၏ (၇.၃၄) ကီလိုမီတာမှ (၇.၅၄) ကီလိုမီတာအတွင်း လမ်းအရှည် (၀.၂) ကီလိုမီတာအား မူလလမ်းအကျယ် (၁၂) ပေမှ (၁၈) ပေအကျယ် ကတ္တရာတိုးချဲ့ခင်းပေးခြင်း၊  ခွင့်ပြုရန်ပုံငွေကျပ် (၁၉.၈၀၀) သန်းဖြင့် (၇.၇၄) ကီလိုမီတာမှ (၇.၉၄) ကီလိုမီတာအတွင်း လမ်းအရှည် (၀.၁၅) ကီလိုမီတာနှင့် ခွင့်ပြုရန်ပုံငွေကျပ် (၁၆.၀၀) ကျပ်သန်းဖြင့် (၉.၂) ကီလိုမီတာမှ (၉.၈) ကီလိုမီတာအတွင်း လမ်းအရှည် (၀.၄) ကီလိုမီတာအား ကတ္တရာထပ်ပိုးလွှာများ ခင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းသည် ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့အား အဓိကဆက်သွယ်ထားသည့် လမ်းတစ်လမ်းဖြစ်ကြောင်းနှင့် လိုအပ်ခက်များ ရှိနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးခြင်းကြောင့် လမ်းဘေးဝဲ/ယာရှိ ဒေသခံကျေးရွာပြည်သူများနှင့် လမ်းအသုံးပြုသူ ပြည်သူများအတွက် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများသယ်ယူရာတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းသယ်ယူနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)