လွိုင်လင် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ကိုလိုနီကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေး လူသုံးကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က သင်တန်းဆင်းပွဲအမှာစကားပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလင်းထင်က သင်တန်းနှင့်ပတ်သက်၍ သင်တန်းမှရရှိသည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားပါသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာမြင့်တို့က သင်တန်းထွက် ကုန်ချောပစ္စည်းများ ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူပြီး ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။
ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများ ထုတ်လုပ်ထားသည့် သဘာဝခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ မှန်ကြည်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ လက်သန့်ဆေးရည်စသည့် အမျိုးအစား (၁၁) မျိုးဖြစ်သည့် လူသုံးကုန်ပစ္စည်းများကို ကြည့်ရှုအားပေးပြီး သင်တန်းသားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ သင်တန်းဆင်းပွဲကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၁၀) ဦး တက်ရောက်ကြ ပြီးသင်တန်းကို တစ်ပတ်ကြာသင်ကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်