မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အတွင်း မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မော်လမြိုင် စက်တင်ဘာ ၂၃

မွန်ပြည်နယ်အတွင်း မြို့ပြစီမံကိန်းများ စနစ်တကျရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့များဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေတိုးပွားလာမှုတို့အရ နောင်အနာဂတ်တွင် မြို့များစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး မြို့ပြစီမံကိန်းများကြိုတင် ရေးဆွဲဆောင်ရွက်ထားရှိကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှလည်း တိုင်းဒေသကြီး/ပြည်နယ်များတွင် မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်ထားကြရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားရှိပါကြောင်း၊ မြို့များ ဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေများပြားလာမှုအရ ယာဉ်အသုံးပြုမှုများ ပြားလာသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး၊ စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ သယ်ယူပို့ဆောင်ရေး စနစ်တကျဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရေး၊ လူနေအိမ်ရာဇုန်၊ စီးပွားရေးဇုန်၊ စက်မှုဇုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်၊ စိမ်းလန်းဇုန်များ စသည်ဖြင့် ဇုန်အလိုက် စနစ်တကျ မြို့ပြစီမံကိန်း ရေးဆွဲထားရှိရန် လိုအပ်သလို မြို့ပြစီမံကိန်းရေးဆွဲရာတွင်လည်း မြို့တစ်မြို့နှင့်တစ်မြို့ ဖွံ့ဖြိုး တိုးတက်မှု အလားအလာ၊ လူဦးရေတိုးတက်မှုနှုန်း၊ ရေမြေသဘာဝ ရာသီဥတု၊ ပို့ဆောင်ရေးစနစ် စသည်ဖြင့် မတူညီသောကြောင့် မြို့တစ်မြို့ချင်းအလိုက် ကိုက်ညီနိုင်မည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို ရေးဆွဲဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့သစ်များ ဖော်ဆောင်ရာတွင်လည်း ပါဝင်ရမည့် အင်္ဂါရပ်များအား ပြည့်ပြည့်စုံစုံ ထည့်သွင်းစဉ်းစားထားပြီး နေအိမ်အဆောက်အဦများ ဆောက်လုပ်ခွင့်ပေးရာတွင်လည်း မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျ ဖြစ်စေရေး သေချာစစ်ဆေးပြီးမှသာ ခွင့်ပြုဆောင်ရွက်ရန်၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲပြီးသည့် မြို့နယ်များကိုလည်း ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဆန်းစစ်ပြီး ပြင်ဆင်ရေးဆွဲသင့်သည့် မြို့နယ်များကို ရေးဆွဲရန်၊ ဘဏ္ဍာနှစ်အလိုက် မြို့နယ်များအား မြို့ပြစီမံကိန်း ရေးဆွဲဆောင်ရွက်နိုင်ရေး ဘဏ္ဍာငွေလျာထားရန်လိုအပ်ပြီး Town Plan ရေးဆွဲထားရှိသည့်အတိုင်း သက်ဆိုင်ရာဌာနများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မွန်ပြည်နယ်အတွင်း ကောင်းမွန်စနစ်ကျ၍ ရေရှည်မြို့ပြများဖြစ်ပေါ်စေရေးအတွက် မြို့ပြစီမံကိန်းများ စနစ်တကျရေးဆွဲ ဆောင်ရွက်ထားရှိရန်နှင့် မြို့ပြစီမံကိန်းထပ်မံရေးဆွဲ ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ မွန်ပြည်နယ်အတွင်း မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်