ရန်ကုန် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် MCC ခန်းမ၌ ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ နောက်ဆုံးနေ့ ယှဉ်ပြိုင်နေမှုကိုကြည့်ရှု အားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အတီးပြိုင်ပွဲဖြစ်သည့် အိုးစည်အဖွဲ့လိုက်၊ ဒိုးပတ်အဖွဲ့လိုက် ယှဉ်ပြိုင်နေမှု၊ အဆိုပြိုင်ပွဲဖြစ်သည့် အမျိုးဂုဏ်၊ဇာတိဂုဏ်တေးသီချင်း ယှဉ်ပြိုင်နေမှု၊ ဆိုင်းတစ်ဦးချင်းနှင့် ဆိုင်းအဖွဲ့လိုက်ယှဉ်ပြိုင်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ဝါသနာရှင်(ပထမတန်း)နှင့် ဝါသနာရှင်(ဒုတိယတန်း) အဆင့်အလိုက် ယှဉ်ပြိုင်ခဲ့ကြရာ အဆိုကဏ္ဍတွင် မဟာဂီတ၊ ကာလပေါ် ဇာတိမာန်ဘာသာရပ်တို့၌ (၆၅) ဦး၊ အကကဏ္ဍတွင် အက၊ ရုပ်သေး၊ ကွက်စိပ်ဘာသာရပ်တို့၌ (၃၇) ဦး၊ အရေးကဏ္ဍတွင် (၁၃) ဦး၊ အတီးကဏ္ဍတွင် စောင်း၊ စန္ဒရား၊ နှဲ၊ပုလွေ၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ဒုံမင်း၊ ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်၊ အိုးစည်အဖွဲ့လိုက်၊ ဒိုးပတ်အဖွဲ့လိုက်တို့၌ (၂၀၃) ဦးတို့ဖြင့်စုစုပေါင်း ဘာသာရပ်လေးမျိုးတွင်ဝါသနာရှင် (၃၁၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌စက်တင်ဘာ ၂၀ ရက် ဖွင့်ပွဲနေ့တွင် အကပြိုင်ပွဲ၌ ရုပ်သေး၊ ကွက်စိပ်၊ အတီးပြိုင်ပွဲတွင် စောင်း၊ စန္ဒရား၊ ပတ္တလားနှင့် အရေးပြိုင်ပွဲတို့ကို ယှဉ်ပြိုင်ခဲ့ကြပြီး စက်တင်ဘာ ၂၁ ရက်တွင် အဆိုပြိုင်ပွဲ၌ မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်၊အတီးပြိုင်ပွဲ၌ နှဲ၊ ပုလွေ၊ တယော။မယ်ဒလင်၊ ဂီတာ၊ ဒုံမင်းနှင့် အရေးဘာသာရပ်တို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။
ယနေ့ နောက်ဆုံးနေ့ပြိုင်ပွဲတွင် အဆိုပြိုင်ပွဲ၌ အမျိုးဂုဏ်၊ ဇာတိဂုဏ်သီချင်းဖြင့် ပြိုင်ပွဲဝင် ၂၀၊ အတီးပြိုင်ပွဲ၌ ဆိုင်းတစ်ဦးချင်း၊ အိုးစည်၊ ဒိုးပတ်အဖွဲ့လိုက်နှင့် ဆိုင်းအဖွဲ့လိုက်ဘာသာရပ်တို့တွင်၊ ဝါသနာရှင်(၁၂၄) ဦးတို့ယှဉ်ပြိုင်ခဲ့ကြသည်။ တိုင်းဒေသကြီးအဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် ဘာသာရပ်လေးမျိုးမှ ဝါသနာရှင်များကို လှိုင်နယ်မြေရှိ လှိုင်စင်တာတွင် စက်တင်ဘာ ၂၄ ရက် မှစတင်၍ အောက်တိုဘာ ၂၀ ရက်အထိ ဗဟိုအဆင့်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)