စမ်း​ချောင်းမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး စစ်ဆေးခြင်း များဆောင်ရွက်

စမ်းချောင်း အောက်တိုဘာ ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင်း နေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  နေအိမ်ပြင်ပ ထွက်ခွာသူများ၊  စျေးရောင်းသူများနှင့် စျေးဝယ်သူများ ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်း ရှိ၊ မရှိ  စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ်စည်ပင် သာယာရေးကော်မတီတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ  မြို့နယ်တွင်းရှိ စျေးများအတွင်းတွင် အဖွဲ့(၂)ဖွဲ့ခွဲကာ နေအိမ်ပြင်ပ ထွက်ခွာသူများ၊ စျေးရောင်း၊ စျေးဝယ်များအား ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ၊မရှိ စစ်ဆေးကြပ်မတ်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင်  Mask တပ်ဆင်လာခြင်း မရှိသူများအား တစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေကျပ် ၂၀၀ စီကို ပေးဆောင်စေခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာ တိုင်း mask မဖြစ်မနေ တပ်ဆင်ရန်နှင့် ခပ်ခွာခွာ (Social Distancing) နှင့်အညီ နေထိုင်ကြရန်သတိပေးပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး စစ်ဆေး ချိန်တွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်လာခြင်းမရှိသူ (၂၁) ဦးအား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ချောစုဝင်း (ပြန်/ဆက်)