ပြင်ဦးလွင် စက်တင်ဘာ ၂၃
အရည်အသွေးပြည့်ဝကောင်းမွန်သော ထောပတ်သီးများ ရွေးချယ်ဝယ်ယူစားသုံးနိုင်ကြရေး ရည်ရွယ်၍ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်) Myanmar Avocado Producer And Exporter Association (MAVO) ၏ စီစဉ်မှုဖြင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများအတွက် အသိပညာပေးလက်ကမ်းစာစောင်ကို MAVO အသင်းသူ/အသင်းသားများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများစုပေါင်း၍ ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ ဈေးလေးမီးပွိုင့်လမ်းဆုံ၊ လူစည်ကားရာနေရာများတွင် အများပြည်သူများအား လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများအတွက် အသိပညာပေးလက်ကမ်းစာစောင်တွင် ပြင်ဦးလွင်ဒေသထွက် ထောပတ်သီးများကို ပြည့်ဝသော အရသာ၊ ကောင်းမွန်သော အရည်အသွေးများဖြင့် စားသုံးသူတို့ လက်ဝယ်သို့ ရောက်ရှိစေရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် အရာများ၊ ဈေးကွက်လက်ဦးမှု ရရှိရေးကို တစ်ခုတည်းကိုသာ ဦးစားပေးခြင်းမပြုဘဲ ပြင်ဦးလွင်ဒေသထွက် ထောပတ်သီးများ ကို အရည်အသွေးကောင်းမွန်သည့် အရသာပြည့်ဝသော ထောပတ်သီးများအဖြစ် ရေရှည်တွင် ထောပတ်သီး ဈေးကွက်တစ်ခု ပြင်ဦးလွင်တွင် ခိုင်ခိုင်မာမာဖြစ်ပေါ်စေရေး အဓိကထားသင့် ကြောင်း၊ ထို့ကြောင့် ရင့်မှည့်ချိန်ရောက်မှသာ အသီးခူးကိရိယာဖြင့် စနစ်တကျ ခူးဆွတ် ရောင်းချသင့်ကြောင်း၊ ရင့်မှည့်ချိန်လိုနေသေးသည့် ထောပတ်သီးများသည် ရေဓာတ်များပြီး အဆီဓာတ် အပြည့်အဝမပါရှိတော့ဘဲ အသီးပုပ် ၊ အသီးနာများဖြစ်နိုင်ကြောင်း၊ ထောပတ်သီး ခူးဆွတ်ရာတွင်လည်း အညှာကိုအနည်းငယ်ချန်၍ ခူးဆွတ်ရန်လိုကြောင်း၊ အညှာမပါသော အသီးများအား ရောင်းချရန် မသင့်တော်ကြောင်း၊ ဒေသသီးမျိုးကွဲပေါင်းများစွာရှိသည့်အတွက် စံချိန်သတ်မှတ်ချက် မရှိသေးသော်လည်း အများစုသောထောပတ်သီးများသည် အောက်တိုဘာလမှသာ စတင်ရင့်မှည့်ကြောင်း နှင့် ပြင်ဦးလွင်ဒေသထွက် ထောပတ်သီးမျိုးများအလိုက် စတင်ရင့်မှည့်ချိန်များနှင့် ခူးဆွတ်ပြီး ရင့်မှည့်ရန် ကြာချိန်များစသည့် အချက်အလက်များကို ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများ ဗဟုသုတရရှိစေရေး ဖော်ပြထားကြောင်းသိရသည်။
အဆိုပါ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများအတွက် အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့တွင် ခရီးသွားပြည်သူများ နှင့် ဒေသခံ ပြည်သူများထံသို့ စောင်ရေ (၁၀၀၀) ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း ပြင်ဦးလွင်မြို့ ဈေးလေးမီးပွိုင့် အပါအဝင် မြို့တွင်း လူစည်ကားရာ နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေပေးမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် ၊ ခရိုင် (ပြန်/ ဆက်)