မအီ စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပြီး ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မအီနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း၌ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခြင်များခိုအောင်းပေါက်ပွားနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများခတ်ပေးခြင်းစသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ကြောင်း၊ ၎င်းရောဂါသည် ကပ်ရောဂါအသွင် ဖြစ်ပွားမှုဖြင့် (၂)နှစ်လျှင် တစ်ကြိမ်(သို့မဟုတ်) (၃)နှစ်လျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများဖြစ်ပွားပြီး ကလေးသူငယ် ထိခိုက်သေဆုံးမှုများ ရှိလာခဲ့ခြင်းကြောင့် မအီမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ပေးခြင်းများကို အပတ်စဉ် တနင်္လာ၊ သောကြာ၊ စနေနေ့များတွင် မအီမြို့ပေါ်ရပ်ကွက်များ၌ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးမှ သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)