ဆီဆိုင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးပေး

ဆီဆိုင် စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် ရန်ပုံငွေထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပင်စုံကျေးရွာအုပ်စု၊  နန်းဩကျေးရွာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်က ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်၊  တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်  မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့မှ နန်းဩကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့သို့ ရန်ပုံငွေကျပ်သိန်း (၃၀၀) အား လွှဲပြောင်းပေးအပ်ပြီး ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့က စိုက်ပျိုးရေးလုပ်ကိုင်သည့် အသင်းသူ၊ အသင်းသား (၁၀၃) ဦးအား ရန်ပုံငွေကျပ်သိန်း (၃၀၀) ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)