ဗန်းမော်မြို့တွင် စက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ

ဗန်းမော် စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ မံရေးခေတ်မီစံပြကျေးရွာ အစည်းအဝေး ခန်းမ၌ စက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ဖော်ဆောင်ပေးခြင်းဖြင့် MSMEs လုပ်ငန်းများပေါ်ထွန်း လာစေပြီး ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးပွားစေရန် ကျေးရွာရှိ ပြည်သူများအား အသက် မွေးဝမ်းကြောင်း အထောက်အကူပြု နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် တစ်ပိုင် တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မံရေးကျေးရွာအုပ်ချုပ်ရေးမှူး  ဦးစိုးသိန်းက ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံ ရယူခဲ့သည်။

အဆိုပါ ကျေးရွာတွင် စက်ချုပ်နည်းပညာသင်တန်းအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရေး သင်ကြားပေးသွား မည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် သင်တန်းသူ (၅)ဦးအား သတ်မှတ်ချက်နှင့် အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသော ဌာနပိုင်စက်ပစ္စည်းများ အသုံးပြုစေ၍ ကိုယ်ပိုင်လုပ်ငန်း ထူထောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်