ကံပိုင်တည် စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကံပိုင်တည်မြို့တိုက်နယ်ဆေးရုံ၌ အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့တိုက်နယ်ဆေးရုံမှ တာဝန်ခံနှင့် ကျန်းမာရေးဝန်ထမ်းများက ကံပိုင်တည်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ (၂၉) ဦးအား သက်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းနှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ (၂၅) ရက်နေ့ထိလည်းကောင်း၊ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလအတွင်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခေါယိန်း(ပြန်/ဆက်)