မက်မန်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နိုင်ငံ့တော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာစေရန် ရည်ရွယ်၍ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ဟောပြောရာတွင် ယနေ့လူငယ်များသည် နိုင်ငံတော်ဖွံ့ ဖြိုးရေးတွင် အဓိကစွမ်းအားစုများဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် အတွေးအခေါ်များရင့်သန်း၍ အနာဂတ်တွင် အောင်မြင်သော စွမ်းအားရှင်များဖြစ်လာရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံမှုကောင်းမွန်ရေး၊ အနာဂတ်လှပရေးတို့အတွက် ကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်ကောင်းရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် အခြေခံပညာများကို ဆုံးခန်းတိုင်အောင်သင်ယူ၍ အသက်မွေးဝမ်းကြောင်းပညာများဖြင့် အောင်မြင်အောင် ဆောင်ရွက်သင့်ပါကြောင်း ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မက်မန်းမြို့ ရပ်ကွက်(၁)နှင့် (၂)မှ လူငယ်မောင်မယ် (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)