ပေါင်၊ အောက်တိုဘာ ၁၉
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမအကြိမ်ဆန္ဒမဲပေးကြမည့် လူငယ်များ စနစ်တကျ မဲပေးတက်အောင် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် စိတ္တသုခလူမှု ကူညီရေး အသင်း အစည်းအဝေးခန်းမ၌ အသိပညာပေးသင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပယ်မဲ၊ ခိုင်လုံမဲနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အကြောင်းအရာများနှင့် မဲပေးရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်ကို အဓိက သင်ကြားပေးသွားမည်ဖြစ်တယ်လို့ Myanmar Network Organization for Free and Fair Elections-Mynfrel အဖွဲ့မှ ပေါင်မြို့နယ် သင်တန်းတာဝန်ခံ မနှင်းရွှေရည်ဝိုင်းက ပြောသည်။
“ဒီလာမယ့် ၂၀၂၀ မှာ ပထမဆုံးအကြိမ်မဲပေးမယ့်လူငယ်တွေအတွက်ပေါ့နော်၊ ပထမအကြိမ် မဲပေးတဲ့သူဖြစ်တဲ့အတွက် မဲပေးပုံမဲပေး နည်းမသိဘူး၊ မဲပုံးဘယ်နှစ်ပုံးပေးရမလဲ ဆိုတာမသိဘူး၊ ဆန္ဒမဲ ဘယ်နှစ်ခုပေးရမလဲ၊ နောက်ပြီး မွန်ပြည်နယ်မှာဆိုရင် ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်း သားရေးရာ ကိုယ်စားလှယ်လောင်းတွေအတွက် ပေးရတာနဲ့ပတ်သက်တာရယ်၊ ပယ်မဲခိုင်လုံ မဲရယ်၊ ပယ်မဲမဖြစ်အောင် ဘယ်လိုစနစ်တကျပေးတက်ဖို့ရယ်၊ အဓိက မဲပေးတဲ့ အခါမှာ မှန်မှန် ကန်ကန်စနစ်တကျပေးတက်ဖို့ကို ရည်ရွယ်တာပါ။” ဟု ၎င်းက ပြောသည်။
သင်တန်းတွင် သင်တန်းသားများ ပိုမိုမြင်သာစေရန်အတွက် မဲရုံနမူနာပုံစံငယ်ပြုလုပ်ကာ စာတွေ့ လက်တွေ့ သင်ကြားပေးပြီး ယခုသင်တန်းမှတစ်ဆင့် မိမိကျေးရွာပတ်ဝန်းကျင်ရှိ လူငယ်များ အပြင် မဲဆန္ဒရှင် ပြည်သူများကို ပြန်လည်မျှဝေပေးဖို့ စီစဉ်ထားကြောင်း သိရသည်။
“သင်တန်းကိုတော့ ကိုဗစ်ရောဂါအခြေအနေကြောင့် သတ်မှတ်ခွင့်ပြုပေးတဲ့လူဦးရေနဲ့ပဲ လုပ်ရတဲ့ အခါကျတော့ သူတို့ကို ဒီကနေတစ်ဆင့် ပေါ့နော်၊ သူတို့ရဲ့ သူငယ်ချင်းတွေ သူတို့ပတ်ဝန်းကျင်က လူတွေ၊ ရပ်ကွက်ကျေးရွာတွေအားလုံးက မဲပေးမယ့် လူတွေကို ပြန်လည် မျှဝေပေး ဖို့ရယ်၊ ကိုဗစ်ကာလမှာ မဲပေးတဲ့အခါ ဘယ်လိုစနစ်တကျပေးဖို့ရယ်၊ ပြန်လည်မျှဝေပေးသွားဖို့ကို ပြောကြားထားပါတယ်။” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအခြေအနေကြောင့် သင်တန်းသား ၂၀ ဦးကို ၂ ရက် ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် မဲပေးမည့် လူငယ် (၁) သိန်းကျော်အပါအဝင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၈) သိန်းနီးပါး ရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ စာရင်းအရ သိရသည်။
ဝင်းမင်းသန်း(ပြန်/ဆက်)