တာလေ စက်တင်ဘာ ၂၂
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရမှ အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အသက်(၅)နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ)ဆေးထိုးစုရပ်၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် တာလေမြို့၊ ကျန်းမာရေးဉီးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ(LHV) ဒေါ်နန်းစိန်ဉီးဉီးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(တာလေ)နှင့် အခြေခံပညာမူလတန်းကျောင်းများဖြစ်သော မတ်တန်းနှင့် တပ်တွင်းကျောင်းများမှ အသက်(၅)နှစ်အထက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ(၁၀၁)ဉီးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးခဲ့ပြီး သက်ဆိုင်ရာ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နေ့လယ်ပိုင်းတွင်လည်း နားအွန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)နှင့် သီရီကျေးရွာအခြေခံပညာမူလတန်းကျောင်း(ခွဲ) ဆေးထိုးစုရပ်များတွင်လည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)