တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ကလေးလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ (Youth Club) အဖွဲ့ဝင် ကလေးလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာချစ်စံဝင်းရေးသားသည့် ယသော်ဓရာ့အလွမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ယသော်ဓရာမင်းသမီး၏ဖြစ်စဥ်၊ ဘဝဇာတ်လမ်း၊ ဇာတ်အိမ်၊ ဇာတ်ကြောင်းများကို တွေးစရာများ၊ သင်ခန်းစာယူစရာများနှင့် သဘာဝတရား၏အဖွဲ့အနွဲ့ကို လေ့လာသိရှိနိုင်စေရန် မျက်ရည်ကမ္ဘာမှ အမေ့ဘဝခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးပြောကြားပြီးနောက် (Youth Club) အဖွဲ့ဝင် မရွှေရည်ဝင်းက နှလုံးသားမီးတောင်ပေါက်ကွဲခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင်မခိုင်သဇင်ဝင်းက ရွှေမင်းသမီးယသော်ဓရာ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)