နောင်တရား စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ စိုက်ပျိုးထားသည့် ဂေါ်ဖီထုပ်များ ဈေးပြန်ကောင်းရန် မျှော်လင့်နေကြောင်း ဂေါ်ဖီထုပ်စိုက်တောင်သူတစ်ဦးက ရင်ဖွင့်ပြောကြားလာသည်။
“ကျွန်တော်တို့အထင် ဂေါ်ဖီထုပ်ဈေးပြန်မကောင်းတာ မြဝတီလမ်းအဆင်မပြေသေးဘူးလို့ ထင်ပါတယ်။ မြဝတီလမ်း ယခင်လို ပြန်အဆင်ပြေရင် ဈေးပြန်ကောင်းမယ်လို့ မျှော်လင့်ရတာပေါ့။ ဂေါ်ဖီထုပ်စိုက်ပျိုးစရိတ်က အရမ်းမကြီးပေမဲ့ လုပ်သားစရိတ်နဲ့ ဓါတ်မြေဩဇာစရိတ်ကြီးတဲ့အတွက် ယခင်နှစ်တွေထက် နှိုင်းယှဉ်ရင်တော့ ကုန်ကျစရိတ်တိုးလာပါတယ်။ ကျွန်တော်တို့ နောင်တရားဒေသမှာ ဂေါ်ဖီထုတ်စိုက်တောင်သူတွေ အများကြီးဘဲ ကုန်ကျစရိတ်ကိုလျော့ချဖို့ သဘာဝမြေဩဇာတွေကိုတော့ စပြီးသုံးကြည့်နေပါတယ်။ ဂေါ်ဖီထုပ်ဈေးကောင်းရင်တော့ အလှူအတန်းတွေလဲ ပိုလုပ်နိုင်တာပေါ့။ ဈေးပြန်တက်ဖို့တော့ ကျွန်တော်တို့လို တောင်သူတွေရဲ့ မျှော်လင့်ချက်ပါဗျ”ဟု မြင်းမထိဝါပြုံးကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
နောင်တရားဒေသတွင် ဂေါ်ဖီထုပ်များကို နွေ၊ မိုး၊ ဆောင်း သုံးရာသီစိုက်ပျိုးကြပြီး နယုန်လတွင် ထွက်ရှိသည့် ဂေါ်ဖီထုပ်များ ဈေးကောင်းရကြပြီး ကျန်ကာလများတွင် ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍သာ ဈေးကောင်းရရှိကြသည်။ ယခုအချိန်တွင် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၁၀၀ ခန့်သာရရှိကြပြီး တောင်သူများ အရှုံးပေါ်နေလျက်ရှိသည်။ အချို့တောင်သူများမှာ ဂေါ်ဖီထုပ်များကို ပြန်ထွန်း၍ မြေဆီအတွက် ပြန်လည်ပြုလုပ်ကြသည်။ နောင်တရားဒေသ၌ စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များကို မြဝတီနှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)