ဗန်းမော်မြို့တွင် မူကြိုကျောင်းများ၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများအား ထောက်ပံ့ငွေပေးအပ်

ဗန်းမော် စက်တင်ဘာ ၂၂

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဗန်းမော်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၂)ကျောင်း၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က “စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသော သင်တန်းကျောင်း၊ ဂေဟာများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ မိမိတို့ဂေဟာ၊ ရိပ်သာများအား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားကြဖို့” အဖွင့်မိန့်ခွန်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက အမှာစကားပြောကြားသည်။

ဆက်လက်၍ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၂)ကျောင်း၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများမှ တာဝန်ခံများအား ထောက်ပံ့ငွေများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကာ စေတနာ့ဝန်ထမ်းများကိုယ်စား ညောင်ပင်သာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှူး ဦးတင်မောင်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း တစ်ကျောင်းလျှင် ၉၆၀၀၀၀ကျပ်၊ ရေရှင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၈၄၄၅၀၀၀ကျပ်၊ ညောင်ပင်သာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၆၉၀၉၀၀၀ ကျပ်၊ ဗန်းမော်ဘိုးဘွားရိပ်သာအတွက် ၂၈၅၉၀၀၀ ကျပ်၊ စုစုပေါင်း ၂၉၇၃၃၀၀၀ ကျပ် (ကျပ်သိန်းနှစ်ရာကိုးဆယ့် ခုနှစ်သိန်း သုံးသောင်း သုံးထောင်တိတိ) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ခရိုင်ပြန်/ဆက်