မိုးနဲ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား (MCCT) အစီအစဉ်အရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများအား အာဟာရ ပြည့်ဝပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အာဟာရပြည့်ဝမှသာ ကျန်းမာသန်စွမ်းသည့် ရင်သွေးများ မွေးဖွားနိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့ကြေးပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့ရှိ ကိုယ်ဝန်ဆောင်မိခင် (၂၄၇) ဦးနှင့် အသက်(၂)နှစ်အောက်ကလေး (၄၅၉) ဦးတွက် စုစုပေါင်းငွေကျပ် (၃၀၆၄၅၀၀၀) ကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ထံမှတဆင့် ထောက်ပံ့ကြေးများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)