ခရမ်း စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အ.ထ.က ၂ (မြို့မ) အခြေခံပညာအထက်တန်းကျောင်း မြို့မဂုဏ်ရည်အစည်းဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက အခြေခံပညာ အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရမ်းမြို့နယ်တာဝန်ခံ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းနိုင်က အလယ်တန်းအဆင့် (Grade-9) အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရမ်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အထက်တန်း (ခွဲ) အလယ်တန်း၊ အလယ်တန်းကျောင်းခွဲများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြပြီး ပြသထားသည့် နံရံကတ်ဘုတ်မှ အလယ်တန်းဆင့် Grade 9 ပြီးမြောက်အောင်မြင်သူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားမှုစနစ်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)