ဇမ္ဗူသီရိ စက်တင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါတားမြစ်ချက်များနှင့် Quick win အစီအမံ (၅)ရပ်ကို လိုက်နာမှုရှိစေရေးတို့အတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များဖြစ်သော ဇဗ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းကိုကိုအပါအဝင် (၅)ဦး၊ နယ်မြေရဲစခန်း ၃ မှ ဒုရဲအုပ် ဝေယံလင်း ဦးစီး(၁+၁)၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင့်ထူးအောင်၊ ဇမ္ဗူသီရိမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၁)မှ တပ်ကြပ်ကြီး အောင်ထွေးဦးအပါအဝင် (၂)ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် အောင်ဇမ္ဗူရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ လက်ပံခါးလှကျောင်းအနီးတွင် လိုင်စင်မဲ့မော်တော်ယာဥ်များစစ်ဆေးခြင်း၊ ယာဉ်သက်သေခံလက်မှတ်များ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကား ၂၃၀ စီးခန့်၊ ဆိုင်ကယ် ၁၅၇ စီးခန့်၊ သုံးဘီးယာဥ် ၅ စီးခန့်၊ အိုးဝေ ၁၅ စီးခန့် လူဦးရေ ၄၅၅ ဦးခန့်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်အသက်ကယ်ဦးထုပ်မဆောင်းမှု (၁)မှုတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ တုတ်/ဓား လက်နက်များ စစ်ဆေးခဲ့ခြင်းတို့အား ယာဉ်စည်းကမ်း၊ လမ်းစကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင်ပါဝင်သော မော်တော်ဆိုင်ကယ် စီးနှင်သူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ မော်တော်ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပိုမောင်းနှင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်နှင့် ကိုက်ညီသည့် ပြစ်ဒဏ်များဖြင့်လည်း အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အောင်သူရဦး (ပြန်/ဆက်)