သန်လျင်မြို့နယ်မှ အခြေခံပြည်သူများသို့ ဆရာတော်ကြီးက ဆန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

သန်လျင်  အောက်တိုဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ မြို့ဟောင်းအလယ်ရပ်ကွက်ရှိ မဟာမဇ္စျိမာရုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တပဏ္ဍဝါဘိဝံသ ဆရာတော်ကြီးက သန်လျင်မြို့နယ်အတွင်းရှိ မြို့ဟောင်းအရှေ့၊ မြို့ဟောင်းအလယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်များမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူ အိမ်ထောင်စု(၄၀၀)တို့အား တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆေး(၁)ဘူးနှင့် ငွေကျပ်(၁)သောင်းစီကို ယနေ့နံနက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလတွင် အလုပ်အကိုင် အဆင်မပြေသော ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအား ဆရာတော်ကြီးက မေတ္တာစေတနာထားကာ ယခုကဲ့သို့ စွန့်ကြဲထောက်ပံ့ပေးခြင်းအပေါ် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဆရာတော်ကြီး သက်တော်ရာကျော်ရှည်စွာဖြင့် သာသနာ့ တာဝန်များ ထမ်းရွက်နိုင်ပါစေကြောင်း မြို့ဟောင်းအရှေ့ရပ်ကွက်နေသူ ပျံကျအလုပ်သမား ကိုဌေးအောင်က ပြောသည်။ သန်လျင်မြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ အတည်ပြုပိုးတွေ့လူနာ(၇၆၀)ဦး၊ သေဆုံးသူ (၂၁)ဦး၊ ရှိနေပြီး ရောဂါပျံ့နှံမှုမရှိစေရေး၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက နေ့ညအရှိန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)