လားရှိုး စက်တင်ဘာ ၂၂
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ လားရှိုးသူနာပြုနှင့်သားဖွား သင်တန်းကျောင်းတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိူးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိူးကျော်က အဖွင့်အမှာစကားပြောကြားပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟေမာစိုးဝင်းမှ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိူးကျော်က ထူးချွန်သစ်လွင် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်တွင် ဆုရရှိသူ(၃)ဦးအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ သင်တန်းသား၊ သင်တန်းသူများက ဂရုဏာအလင်းသီးချင်းဖြင့် သီဆိုခဲ့ကြပြီး ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟေမာစိုးဝင်းနှင့် တာဝန်ရှိသူများက သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း သင်တန်းသား(၄)ဦးနှင့် သင်တန်းသူ (၄၉)ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခဲ့ပြီး ကျောင်းအုပ်ကြီးမှ မျိူးဆက်သစ်သူနာပြုသားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား၊ သင်တန်းသူများသို့ Florence Nightingale ၏ မီးအိမ်ကို လက်ဆင့်ကမ်းထွန်းညှိခဲ့ပြီး သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဖိတ်ကြား ထားသူများ သူနာပြု၊ သားဖွားသင်တန်းကျောင်းမှ ဆရာမကြီးများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သူနာပြုသားဖွားသင်တန်းကျောင်းတွင် ပထမနှစ်သင်တန်းသား၊ သင်တန်းသူ (၄၇)ဦး၊ ဒုတိယနှစ်သင်တန်းသား၊ သင်တန်းသူ (၉၈)ဦး၊ တတိယနှစ်သင်တန်းသား၊ သင်တန်းသူ (၄၇)ဦး ယခုဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းသူ (၅၂) စုစုပေါင်း (၂၄၄)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)