စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

စဉ့်ကူး စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ သပိတ်ကျင်းခရိုင် ဆိုကရေးတီးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် စဉ့်ကူးမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက "ကဗျာလွတ်အက"ဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် တာဝန်ခံမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းဌေးတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ပညာရည်ချွန်ဆုများကို ချီးမြှင့်ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား/ကျောင်းသူများအား ထူးချွန်အောင် သင်ကြားပေးခဲ့သော ဆရာဆရာမများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့မိ/မြို့ဖများ၊ ဆုရကျောင်းသား/ ကျောင်းသူများနှင့်မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)