မလှိုင် စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စာရေးဆရာ ဦးတင်ဦး (ပညာရေး-ငြိမ်း) ကစာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသော အမွေခံတစ်ယောက်၊ အမွေပေးသူတစ်ရာ စာအုပ်ပါအကြောင်းအရာများထဲမှ လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင် သင့်တဲ့အရာများ ဆောင်းပါးပါ အကြောင်းအရာများထဲမှ တပည့်သည် ဆရာထက်တော်ရမည် ၊ မည်သည့် ပညာရပ်မဆို ထဲထဲဝင်ဝင်ဆုံးခန်းတိုင်အောင်လေ့လာသင့်ကြောင်း ၊ လူငယ်များအနေဖြင့် ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်ရန် ပညာအမွေ၊ စိတ်ဓါတ်အမွေ ပေးရုံသာမက တကိုယ်ရေကျန်းမာရေးပြည့်စုံရန်၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံတတ်အောင် သင်ကြားပို့ချပေးသော ဆရာ/မများ ကျေးဇူးကြီးမားပုံ အကြောင်းများကိုလည်းကောင်း ၊ ထို့နောက် Book Club အဖွဲ့ဝင် စာရေးဆရာ ဦးစိုးမြင့် (စိုးမြင့်ထွန်း-မလှိုင်)က ပညာတတ်ဖို့ စာဖတ်ရမည် ဆောင်းပါးပါ အကြောင်းအရာ များထဲမှ ပထမအရွယ်တွင် ပညာရှာ ဆိုသောစကားသည် ရှေးကထဲက ပေါ်ပေါက်ခဲ့သောစကား ဖြစ်သော်လည်း ယနေ့အထိ မှန်နေဆဲ ခေတ်မီနေဆဲဖြစ်ကြာင်း၊ ပညာမရှိ သူ၏ဝန်ထမ်း ဆိုသောစကားသည်လည်း ခေတ်မမှီ တော့သလိုလိုနှင့် ခေတ်မီနေဆဲဖြစ်ကြောင်း၊ လူငယ်များ ပညာတတ်ဖြစ်စေချင်ကြောင်း၊ ပညာတတ်ဖြစ်အောင် စာများများ ဖတ်ရန်လိုကြောင်း၊ စာဖတ်ရာတွင် သုတ၊ ရသ တွဲဖတ်သင့်ကြောင်း၊ ယနေ့ခေတ်သည် စာအုပ်စာပေ အလွယ်တကူ ဖတ်ရှုနိုင်ပြီး မိမိနှင့်လက်တကမ်းတွင် ရှိသည့်အတွက် စာဖတ်ချင်စိတ်ရှိရန်သာလိုကြောင်း စသည့် အကြောင်းများကို လည်းကောင်း၊ ဒေါက်တာချမ်းသာဦးက စာမေးပွဲထဲက အမဲစက်များ ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နိဂုံးချုပ် အမှာစကား ပြောကြားကာ စာဖတ်ဝိုင်း ဆွေးနွးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)