လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လင်းခေး အောက်တိုဘာ ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲမှု‌ကော်မတီဥက္ကဋ္ဌ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကိုဗစ်-၁၉ ဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များ၊  အမိန့်ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ နယ်မြေကျော်လွန်သည့် တပ်မတော်သားများ၊ ဝန်ထမ်းများ၊ သက်ကြီးမဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ရမည့်အချက်များ၊  မဲရုံမှူးများအား သင်တန်းပေးခြင်း၊ မဲရုံသုံးပစ္စည်း၊ မဲလက်မှတ်များ ဖြန့်ဝေပေးပို့နိုင်ရေး၊ လုပ်ငန်စဉ်များအား အသေးစိတ်ရှင်းလင်း ပြောကြားပြီးနောက် ရွေးကောက်ပွဲနေ့တွင် လုံခြုံရေးကိစ္စအား အထူးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြရန်၊ လျှပ်စစ်မီးရရှိရေး ဝေးလံခက်ခဲသည့် ဒေသများနှင့် ဆက်သွယ်မှုအဆင်ပြေစေရေး ကြိုတင်ဆောင်ရွက်ရမည့် အခြေအနေများနှင့် ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူးနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများ က အသီးသီး တင်ပြဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

လင်းခေး (ခရိုင်၊ပြန်/ဆက်)