ရပ်စောက်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး

ရပ်စောက် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို စက်တင်ဘာ ၁၈ ရက်မှ စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အ-မ-က(၆)၊ အ-မ-က(၇)၊ အ-မ-က (ဟိုပင်)ကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာပိုင်စိုးမိုးက သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း သိကောင်းစရာနှင့် ကာကွယ်ဆေးထိုးနှံပေးရခြင်း ရည်ရွယ်ချက်များကို ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပြီး ယနေ့တွင် ၁-၉-၂၀၁၁ မှ ၃၁-၈-၂၀၁၄ အတွင်းမွေးဖွားသူ မိန်းကလေးငယ်ကျောင်းသူ (၈၆)ဦးအား သားအိမ် ခေါင်းရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ပြီး ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းရောဂါကာကွယ်ဆေး(HPV)ကို စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဆုမွန်