မိုင်းဖြတ် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် စာရေးဆရာ ညီညီဖေ ရေးသားထားသည့် ပညာရေးစိတ်ပညာမိတ်ဆက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က မျိုးရိုးဗီဇနှင့်ပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာဝင်းက သင်ယူခြင်းသဘောတရား၊ လှုံ့ဆော်မှုနှင့် တုံ့ပြန်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ အတွင်းရေးမှူး ဦးအောင်မြတ်မိုးက သင်ယူကူးပြောင်းခြင်း(သို့မဟုတ်) လေ့ကျင့်မှုအသွင်ကူးပြောင်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။ ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စာဖတ်ဝိုင်းမှရရှိသည့် အသိပညာပညာများ၊ အကျိုးကျေးဇူးများကို ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲများကို စာပေချစ်မြတ်နိုးသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)