ပင်လောင်းမြို့၌ အစိုးရပါဋိ ပထမပြန်စာမေးပွဲ စာဖြေဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပင်လောင်း စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီးသော အစိုးရပါဋိပထမပြန်စာမေးပွဲ ဖြေဆိုဌာန၏ လုပ်ငန်းများအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရင်းမှီးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နာမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့​ပြီး၊ ပင်လောင်းမြို့နယ် တီကျစ်မြို့မပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဝိကသက အစိုးရပါဋိ ပထမပြန်စာမေးပွဲအတွက် စီစဉ်ဆောင်ရွက်ထားရမည့်လုပ်ငန်းများနှင့် ရင်းမှီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝါယမက အစိုးရပါဋိ ပထမပြန်စာမေးပွဲဖြေဆိုဌာနတွင် စာဖြေသံဃာတော်များ အဆင်ပြေဖြေဆိုနိုင်ရေး ဆရာတော်များ၊ ဥပထမ္ဘကအဖွဲ့၊ သာသနာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ဆောင်ရွက်ပေးကြဖို့ ဩဝါဒစကားမြွက်ကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် ရင်းမှီးရပ်ကွက် ရပ်မိရပ်ဖဦးခွန်အောင်မြင့်တို့က ဆရာတော်များ ဩဝါဒစကားမြွက်ကြားခဲ့ကြသည့် အစီအစဉ်များအတိုင်း အစိုးရပါဋိ ပထမပြန်စာမေးပွဲဖြေဆိုဌာနတွင် လိုအပ်ချက်မရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှောက်ထားတင်ပြခဲ့ကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်​ရွတ်ဆို၍ အစည်းအဝေးအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)