ကျိုင်းတောင်းမြို့တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ

ကျိုင်းတောင်း စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့် တွင် အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်)မှ ကျောင်းအုပ်ဆရာကြီး(ကိုယ်စား) တာဝန်ခံ ဆရာမဒေါ်သိန်းသိန်းအေးက အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် “ကျောင်းသား ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံရဲ့အနာဂတ်ကိုပခုံးပြောင်း၍ တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည့်အတွက် ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်အချင်းချင်း အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဘက်စုံထူးချွန်ထက်မြတ်သော အနာဂတ်၏ သားကောင်းရတနာများပေါ်ထွန်းလာစေရန်”အတွက် လူငယ်စကားဝိုင်းကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ၌ ဦးဆောင်ဆွေးနွေးသူအဖြစ် Grad-6 မှ မောင်အောင်သီဟဟိန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မောင်ကြယ်စင်ဝင်းက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade-8 မှ မအိမြတ်မွန် က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8မှ မောင်ဇော်မိုးဦးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 မှ မစုနဒီမိုးက လူငယ်နှင့်စာရိတ္တခေါင်းစဉ်များဖြင့် အသီးသီးဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပေးသော ကျောင်းသားကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အ.လ.က(ဝိန်းကောင်)တာဝန်ခံဆရာမနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့ကလည်း ဖြည့်စွတ်၍ ဟောပြောဆွေးနွေးဖြေကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)