မိုးညှင်း စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီ က လူထု အခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ပြန်/ဆက်ဦးစီးဌာန၏ လုပ်ငန်းအကြောင်း အရာများ မိတ်ဆက်ရှင်းလင်းခြင်း၊ လူငယ်နှင့် ရည်မှန်းချက်များ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြစသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ဇင်ဦးက အားကစား လှုပ်ရှားမှုနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ဘဝလမ်းကြောင်းမှန်ကန်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် စိတ်ဓာတ်ကျန်းမာကြံ့ခိုင်သည့် လူငယ် လူရွယ်များ ဖြစ်ပေါ်လာစေ ရန်စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် အဆိုပါ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း