သီပေါ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဖြန့်ဖြူးသည့် ဒေသဝက်(၅၀)ကောင်အား ကျေးရွာကော်မတီသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ရွာသစ်ကျေးရွာအုပ်စု၊ နားမုံကျေးရွာ၌ ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာအောင်ဖြူဦးက မြို့နယ်အတွင်း မွေးမြူသူဦးရေနှင့် တိရစ္ဆာန်ကောင်ရေ တိုးတက်များပြားလာစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ စဉ်ဆက်မပြတ်တိုးတက်လာစေရန်၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ကျေးလက်နေ ပြည်သူတို့၏ ဝင်ငွေတိုးတက်လာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်တို့အတွက်ရည်ရွယ်၍ ယခုကဲ့သို့ ဒေသဝက်များဖြန့်ဖြူးပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာကော်မတီဝင်များဖြစ်သည့် မွေးမြူရေးတောင်သူ(၁၁)ဦးသို့ ဒေသဝက်(၅၀)ကောင်အား တာဝန်ရှိသူအသီးသီးကပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ကျေးရွာရှိမွေးမြူရေး တောင်သူ(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)