ပင်လုံ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်) စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၀၉:၃၀)အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစံလှိုင်က အခြေခံပညာအဆင့်သင်ယူနေသော ကျောင်းသား/ကျောင်းသူများ ကျောင်းထွက်မှုနည်းပါးပြီး အရည်အသွေးပြည့်မှီသော ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ စက်မှုကုန်ထုတ်နှင့် ဒေသဖွံဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုသော ကျောင်းသား/ကျောင်းသူများပေါ်ထွန်းလာစေရန်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွဲဖက်သင်ကြားနိုင်သော အခွင့်အလမ်းများကိုရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်အလိုက်ဖွင့်လှစ်ထားသည့် ကျောင်းစာရင်း၊ ကျောင်းတစ်ကျောင်းတွင် တက်ရောက်ခွင့်ပြုမည့် အတတ်ပညာတစ်ခုစီအလိုက်သတ်မှတ်ဦးရေ၊ ကျောင်းသား/ကျောင်းသူများအား ဝင်ခွင့်လျှောက် လွှာများဖြင့်ခေါ်ယူမည့်အစီအစဥ်၊ဝင်ခွင့်လျှောက် ထားနိုင်သည့် သတ်မှတ်မှုများနှင့်ရွေးချယ်မည့် အစီအစဥ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး၊ ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာလှိုင်မှ သင်ကြားရမည့် သင်ရိုးဘာသာရပ်များ၊ ထောက်ပံ့ပေးမည့်အစီအစဥ်၊ ပေးအပ်မည့်အောင်လက်မှတ်၊ ပညာရေးလမ်းသွယ်များနှင့် ပညာသင်ယူမှုအခွင့်အလမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)