သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

သထုံ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မွန်ပြည်နယ်၊ သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသင်းအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက သထုံမြို့နယ် ကတိုက်ကလေးကျေးရွာ အဘယသုခလူမှု ကယ်ဆယ်ရေးအသင်းရုံး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ ဩဝါဒဆရာတော်က ဩဝါဒစကားမိန့်ကြားပြီး ခရိုင်ဥက္ကဋ္ဌ ဦးဥက္ကာထွန်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၌ စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်အဖွဲ့များတွေ့ဆုံပွဲမှ ချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဥ်များ၊ စည်းကမ်းချက်များကို သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့များထံ အသေးစိတ်ပြန်လည်ချပြ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့တို့မှ တာဝန်ရှိသူများက လူမှုကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ခရိုင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းပြောကြား၍ ရှေ့လုပ်ငန်းစဉ်များအား ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းပွဲသို့ သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ နာယကများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  ရှေ့လုပ်ငန်းစဉ်များကို အများသဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)