မင်္ဂလာတောင်ညွန့် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်မင်္ဂလာခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်သန်းက ကြက်ခြေနီဖြစ်တည်လာမှု သမိုင်းကြောင်းများ၊ ကြက်ခြေနီအခြေခံမူ (၇) ချက်အကြောင်း၊ ရှေးဦးပြုစုခြင်းလုပ်ငန်းစဉ်များ၊ အရေးပေါ်လူနာများအား အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှောင်ရန်နှင့် ဆောင်ရန်အချက်အလက်များကို အကျယ်တဝင့်ဟောပြောခဲ့ပါသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ကြက်ခြေနီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)