ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျောက်တော် စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊‌ ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)၌ လူငယ်များ စာဖတ်စွမ်းရည် တိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန်၊ လူအများနှင့်ဆွေးနွေးပြောဆိုပြုမူတတ်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က အဆိုပါကျောင်းခန်းမ၌  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာကြီး ဦးစောလှကျော် အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို‌ ပြောကြားရာတွင် လူငယ်များအသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထ ကောင်းများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများဖြစ်လာစေရန်၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးစောလှကျော်တို့မှ ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း   အ.ထ.က(မြို့မ)မှ Grade- 9 ကျောင်းသူမှ လူငယ်နှင့်စာဖတ်ခြင်း၊ Grade- 8 ကျောင်းသား မောင်ရဲမြတ်မင်းမှ လူငယ်နှင့်နည်းပညာ၊ Grade- 11 ကျောင်းသူ မမြတ်ဝေလှိုင်မှ သင်ယူနည်းမှန်လူထူးချွန်၊ Grade- 9 ကျောင်းသား မောင်ခန့်စေလင်းမှ လူငယ်နှင့်အားကစား၊ Grade- 8 ကျောင်းသား မောင်ဉာဏ်လင်းမောင်မောင်မှ မူးယစ်ဆေးဝါးနှင့်နောက်ဆက်တွဲ ဆိုးကျိုးများစသောခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဓါတ်ပုံပြပွဲ၊ မူးယစ်အကြမ်းဖက်အကျင့်ဖျက် အမှန်တရားဖြင့် ဒို့တိုက်ဖျက်ဓါတ်ပုံပြပွဲ၊ ကွမ်းစားခြင်းအန္တရာယ်၊ ဆေးလိပ် ဆေးရွက်ကြီးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင် ပြပွဲများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း၊ ကျောက်တော်(ပြန်/ဆက်)