သီပေါ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် (၅၂)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းစသည့် မြို့ကြီးများမှ မျက်စိအထူးကုဆရာဝန်ကြီးများက စက်တင်ဘာလ(၁၉)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၅)ရက်ကြာ စမ်းသပ်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီပေါမြို့နှင့် အနီးတစ်ဝိုက်မြို့များဖြစ်သော လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ နမ့်ဆန်(မြောက်)၊ မိုင်းငေါ့၊ မိုင်းလုံစသည့်မြို့များမှ မျက်စိဝေဒနာရှင်များ၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မျက်စိဝေဒနာရှင်များ လာရောက်စမ်းသပ်ကုသလျက်ရှိကြောင်း၊ စက်တင်ဘာလ(၁၉)ရက်နေ့မှ (၂၀)ရက်နေ့ အထိ မျက်စိဝေဒနာရှင် (၆၆၅)ဦးကိုစမ်းသပ်ပေးနိုင်ခဲ့ပြီး မျက်စိဝေဒနာရှင်(၈၃)ဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း မျက်စိဝေဒနာရှင်များအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)