ရပ်စောက် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်း က မြို့နယ်အတွက် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ကုသရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ယူပါ ကြောင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ချိတ်ဆက်ပူးပေါင်း ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းအောင်မှ အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV)ကာကွယ်ဆေး ထိုးနှံ ပေးရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာတွင် သားအိမ်ခေါင်း ကင်ဆာသည် အိတ်ပီဗီဗိုင်းရပ်(စ်)ပိုးကြောင့် လိင်ဆက်ဆံခြင်း၊ အရေပြားထိတွေ့ခြင်းမှ ကူးစက် တတ်သောရောဂါတစ်မျိူးဖြစ်ပြီး ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေ တတ်ခြင်းကြောင့် အချိန်အခါမရွေး ကူးစက်ခံရနိုင်ပြီး (HPV)ဗိုင်းရပ်(စ်) ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်နိုင်ရန် အသက်(၁၅)နှစ် အရွယ်မတိုင်မီ မိန်းကလေးများ အား သားအိမ်ခေါင်းကင်ဆာ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အစီအစဉ် ထည့်သွင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၉)နှစ်မှ(၁၀)နှစ်ကြား အမျိုးသမီးငယ်လေးများအား အောက်တိုဘာလ (၂၀)ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)