ဖားကန့် အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် (B/96)ခြံဝင်းအတွင်း၌ ငွေကြေးဖြင့် အလောင်းအစားပြုရသည့် တရုတ်ငါးမန်းဂိမ်း(Money Game)စက်များထားရာ ဂိုဒေါင်သည် ယနေ့ နံနက်(၁၀)နာရီခွဲခန့်တွင် လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
ငါးမန်းဂိမ်းစက်(၁၀)လုံးကျော်ခန့်ပါသွားနိုင်ပြီး၊ ဂိမ်းဆိုင်ပိတ်ထားသည့်ကာလ၌ ဂိုဒေါင်အတွင်း ဂိမ်းစက်ပစ္စည်းများ စုပုံထားရာမှ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း မရှီကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်တင့်က ပြောသည်။
မီးလောင်မှုကို သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရှေ့တန်းရောက် တပ်မတော်သားများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများက မီးသတ်ယာဉ်ငါးစီး ရေသယ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်နိုင်မှုကြောင့် မီးလောင်ပြီး (၁၅)မိနစ် အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် (၄၀)ပေ×(၂၀)ပေရှိ ဂိုဒေါင်တစ်လုံးနှင့် တရုတ်ငါးမန်းဂိမ်း(Money Game) စက်များ ပျက်စီးသွားခဲ့ပြီး ပေါ့ဆသူခြံစောင့် မောင်ဖြူထွန်း(၂၇)နှစ်အား ဖားကန့်မြို့မရဲစခန်း၌ ပုဒ်မ(၂၈၅)ဖြင့် ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဖားကန့်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့အထိ မီးလောင်မှု ပေါင်း(၁၆)ကြိမ် ရှိခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းထံမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)