ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးလီကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြော

ပင်လောင်း စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးလီကျောင်းခန်းမတွင် ယမန်နေ့နံနက်က လူငယ်၊ လူရွယ်များ၊ ​ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန်​ ပြီးပြည့်စုံစေရန်  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။

ရှေးဦးစွာ အ.ထ.က(ခွဲ) ဝါးလီကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဇာဝင်းက  အမှာစကားပြောကြား​ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခွန်ရဲမင်းပိုင်က လူငယ်နှင့်ရည်မှန်းချက်အကြောင်းများကိုလည်းကောင်း၊ တင်းထက် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးဝေလျံထက်က မူးယစ်ဆေးဝါး၊ ဆေးလိပ်အန္တရာယ်၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်သည့် အကြောင်းများကိုလည်းကောင်း၊  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ဇင်မာခိုင်က လူငယ်နှင့်အားကစားဆိုင်ရာအကြောင်းများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ နည်းနာနိဿယ(၃)ရပ်၊ မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအကြောင်းများ၊ ဘိန်းစိုက်​ပျိုးမှု၊ မူးယစ်​ဆေးဝါးရောင်းဝယ်မှုနှင့်သုံးစွဲမှု ပပျောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်နှင့်ဗလငါးတန်ပြည့်စုံမှုအကြောင်းများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်​ရေးဆိုင်ရာ အကြောင်းများကိုလည်းကောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)