မောက်မယ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့က ကြီးမှူး၍ မြို့နယ်လုံးကျွတ်စာရေးတံ မဲပွဲ(ခေါ်)မဟာဒုတ်အလှူပွဲကို ယနေ့နံနက် ၆ နာရီက မင်္ဂလာသီရိမြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများက နံနက် ၆ နာရီမှစတင်၍ စာရေးတံမဲပွဲ(ခေါ်)မဟာဒုတ်ပွဲမဲဖေါက်ခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ပြီး စေတနာရှင်အလှူရှင်များတို့က မိမိတို့မဲပေါက်သည့် ဘုရား၊ ရှင်ဥပဂုတ္တ၊ ရှင်သီဝလိ၊ ရဟန်းသံယာတော်များနှင့် သာမဏေများကို မိမိတို့ရုံးဌာန၊ တပ်ရင်းနှင့် အလှူရှင်နေအိမ်များသို့ ပင့်ဆောင်၍ နံနက်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဘွယ်ဝတ္တုအစုစုများ ကပ်လှူပြီး တရားတော်များနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး စာရေးတံမဲပွဲ(ခေါ်)မဟာဒုတ်ပွဲသို့ မောက်မယ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း (၃၀)ကျောင်းမှ ရဟန်း၊ သာမဏေ စုစုပေါင်း (၁၀၃)ပါး ကြွရောက်တော်မူပြီး ဌာနဆိုင်ရာရုံးများမှ (၁၅)ပါးနှင့် မြို့ပေါ် ၇ ရပ်ကွက်နှင့် ကျေးရွာများမှ စေတနာရှင်အလှူရှင်များက (၈၈)ပါး အသီးသီး ပင့်ဆောင်ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)