ဒဂုံမြို့နယ်၌ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

ဒဂုံ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက ဟောပြောပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခန့်သွင်ကမုဒိတာစကားပြောကြားခဲ့သည်။    

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူးဒေါ်စန္ဒာမိုးက "လူငယ်နှင့်စာရိတ္တပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၂)ကျောင်းအုပ်ဆရာကြီးဦးကိုကိုနိုင်က  "လူငယ်နှင့်ပညာရေး " ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာ‌မသင်းလဲ့လဲ့ထွန်းက "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်၊ စာစောင်များနှင့်နံရံကပ်စာ‌စောင်များကို တက်ရောက်လာကြသည့် ဆရာ၊ ‌ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ‌လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မိုးမိုးခိုင်