မတ္တရာ စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီက အ.ထ.က(စလွန်ဖြူ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းသီမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်နှင့်စာရိတ္တ၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ စသည့်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဘုန်းသက်ပိုင်မှူးက ရေချိုသယံဇာတ ထိန်းသိမ်းရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် စာအုပ်ပြပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများမှ စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)