မိုးနဲမြို့၌ အိတ်ခ်ျပီဗီ (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေး

မိုးနဲ   အောက်တိုဘာ   ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ အိတ်ခ်ျပီဗီ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန် က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် က အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန် က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကာကွယ်ဆေးကို ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်မှစတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထိုးနှံသွားမည်ဖြစ်ကြောင်း၊ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးများ၊ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ် ၃၁ရက်အတွင်း မွေးဖွားသောမိန်းကလေးများ အားလုံးကို ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံပြီး ၁၂ လခြား၍ ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသူများက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး က ပြန်လည်ရှင်းလင်းဖြေကြားသည်။

မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီချိန် က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းဖွင့်ပွဲကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း အသက် ၉ နှစ်မှ ၁ဝ နှစ်အထိ မိန်းကလေးဦးရေပေါင်း ၄၃၂ ဦးရှိကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)