ရသေ့တောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ရသေ့တောင်   စက်တင်ဘာ  ၂၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းကစ၍ မြန်မာစီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အငြိမ်းစားဝန်ထမ်း (၁၆၆၀)ဦး ရှိပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်၍လကုန်ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေး ဘဏ်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို လစဉ်လဆန်းရက် ဘဏ်လုပ်ငန်း ဆောင်ရွက်ချိန်တွင် ပင်စင်လစာများကို ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)